လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ (၇) မှ သုံးသပ်ချက်များနှင့် အကြံပြုချက်များ

လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ (၇) မှ သုံးသပ်ချက်များနှင့် အကြံပြုချက်များ

လွှတ်တော်နှင့် ပတ်သက်၍

လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်ကို လေ့လာကြည့်ရာတွင် လွှတ်တော်ဥက္ကဌများနှင့် နာယကတို့၏ အခန်းကဏ္ဍမှာ ကြီးမားစွာ ပါဝင်နေသည်ကို တွေ့ရပါသည်။ ပြည်ထောင်စုလွှတ်တော် နာယကသည် အစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ တင်သွင်းသော ဥပဒေကြမ်းများကို မည်သည့်လွှတ်တော်တွင် စတင်ဆွေးနွေးရမည်ဟု ဆုံးဖြတ်ပေးနိုင်သည်။ ဥပဒေကြမ်းများကို မူလစတင် တင်သွင်းသည့် လွှတ်တော်သည် ဥပဒေကြမ်းကို နှစ်ကြိမ်ဆွေးနွေးရပြီး၊ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းဆွေးနွေးခြင်း ပြုမပြု အဆုံးအဖြတ်ပေးနိုင်သည့် အနေအထားတွင်ရှိသည်။ ထို့အပြင် လွှတ်တော်ဥက္ကဌသည် ဥပဒေကြမ်း၏ မည်သည့်အဆင့်တွင်မဆို ဆိုင်းငံ့ရန်အဆိုကို တင်သွင်းစေနိုင်သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် နည်းပညာဥပဒေများ၏ တိကျမှု အားနည်းနေခြင်းကြောင့် ဥပဒေကြမ်း ဆွေးနွေးရာတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း အချို့အပိုင်းများမှာ တိကျမှု မရှိသည်ကို တွေ့ရသည့်ပြင် လွှတ်တော်ဥက္ကဌများ၏ အဆုံးအဖြတ်ပေါ်မူတည်ကာ ဆောင်ရွက်နေရကြောင်း တွေ့ရသည်။ လွှတ်တော်များသည် မြန်မာ့နိုင်ငံရေးတွင် ရေရှည်အတွက် အရေးကြီးသော နိုင်ငံရေးအဆောက်အဦးများ ဖြစ်သောကြောင့် လူပုဂ္ဂိုလ်အပေါ် တည်မှီနေခြင်းကို အနည်းဆုံး လျှော့ချနိုင်မည့် ခိုင်မာသည့် လုပ်ထုံးလုပ်နည်းများ ရှိနေရန် လိုအပ်ပါသည်။

ဥပဒေကြမ်းများကို ဆောင်ရွက်မှုအား လေ့လာကြည့်ရာတွင် လွှတ်တော်နှစ်ရပ်ဖြစ်သော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အကြားတွင် ဥက္ကဌများ၏ ဆုံးဖြတ်ချက်များကို မူတည်၍ ခြားနားချက်များ ရှိနေသည်ကို တွေ့ရသည်။ လွှတ်တော်နည်းဥပဒေများတွင် ဥပဒေကြမ်း ဆွေးနွေးရာ၌ ပြင်ဆင်ချက်အဆိုများ တင်သွင်းနိုင်သည်ဟု ဖော်ပြထားသော်လည်း မဖြစ်မနေတင်သွင်းရမည်ဟု ဆိုလိုခြင်းမရှိပေ။ အမျိုးသားလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခြင်း ပုံစံထက် ဥပဒေကြမ်းတစ်ခုလုံးကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းက ယေဘုယျ ဝင်ရောက်ဆွေးနွေးသည့်ပုံစံကို အသုံးပြုသည်။ ထိုဆွေးနွေးမှုများပေါ် မူတည်၍ ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေကြမ်းကော်မတီအကြား ကြားနာမှုများ ပြုလုပ်စေပြီး အဆိုပြုပြင်ဆင်ချက်များ ထည့်သွင်းထားသည့် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာနှင့် ဥပဒေကြမ်းမူတစ်ရပ်ကို တင်ပြစေကာ အတည်ပြုသည့် နည်းလမ်းကို အသုံးပြုသည်။

ပြည်သူ့လွှတ်တော်တွင်မူ ပြင်ဆင်ချက်အဆိုများ တင်သွင်းစေသည့် နည်းလမ်းကို အသုံးပြုသည်။ အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းပါ အကြောင်းအရာများကို လွှတ်တော်ကိုယ်စားလှယ်များ ခြုံငုံဆွေးနွေးစေပြီးနောက် ဥပဒေကြမ်းကော်မတီကို နှစ်ဆင့် စိစစ်စေသည့်နည်းနှင့် ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်အဆိုများ တင်သွင်းအဆုံးအဖြတ်ခံယူပြီး ဥပဒေကြမ်းကို ပြင်ဆင်မှုများ ပြုလုပ်စေသည့်နည်းကို အသုံးပြုကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ ယေဘုယျအားဖြင့် ဥပဒေပြုမှုပုံစံ နှစ်မူကွဲနေသည်ကို တွေ့ရသည်။ ထိုသို့ ကွဲပြားနေရခြင်းမှာ နည်းဥပဒေများ၏ တိကျမှုအားနည်းချက်ကြောင့်ဖြစ်ပြီး၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရာတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်မည့် လုပ်ထုံးလုပ်နည်းများကို ဖော်ထုတ်ကာ တိတိကျကျ ပြဌာန်းသတ်မှတ်သင့်ပါသည်။

ကော်မတီကို နှစ်ကြိမ် စိစစ်စေသည့်နည်းလမ်းမှာ လွှတ်တော်တွင်း ဆွေးနွေးချိန် သက်သာခြင်း စသည့် အားသာချက်များ ရှိသော်လည်း ကော်မတီ၏ ခေါ်ယူကြားနာမှုများမှာ တံခါးပိတ် အစည်းအဝေးများ ဖြစ်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ကျယ်ပြန့်စွာ ပါဝင်နိုင်မှုကို အကန့်အသတ် ရှိစေနိုင်သည်။ ထို့အတူ ပြင်ဆင်ချက်အဆိုများဖြင့် ဆောင်ရွက်သည့်နည်းလမ်းသည် လွှတ်တော်တွင်းဆွေးနွေးချိန် ပိုမိုများပြားစေသည်။ ပွင့်လင်းမြင်သာမှုပိုင်းတွင် အားသာချက်ရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ပြင်ဆင်ချက်အဆိုများကို ကျန်လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်သိရှိနိုင်ခြင်းမရှိပဲ နေ့ချင်းဝင်ရောက်ဆွေးနွေးရန် လိုအပ်ခြင်း၊ ထိုဆွေးနွေးမှုအတွက် ဥက္ကဌက ခွင့်ပြုရန် လိုအပ်ခြင်းတို့မှာ အားနည်းချက်များ ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံအတွက် အရေးကြီးသော ဥပဒေပြုရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုကို သမမျှတစွာ ဖော်ဆောင်ပေးနိုင်မည့် နည်းလမ်းကို ရေရှည်တွင် အသုံးပြုသင့်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍

ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ဆွေးနွေးမှုများကို လေ့လာကြည့်ရာ ပျမ်းမျှ ဆွေးနွေးမှုအကြိမ်ရေမှာ ဥပဒေကြမ်းတစ်ခုလျင် ၃.၉ ကြိမ်ကျော်ခန့်ရှိပြီး၊ ၃ ရက်ကျော်ခန့် ဆွေးနွေးရလေ့ရှိကြောင်း တွေ့ရသည်။ အခြားကဏ္ဍများနှင့် နှိုင်းစာလျှင် ဤကဏ္ဍ ၄ ရပ်သည် ဆွေးနွေးမှုနည်းပါးသည့် ကဏ္ဍများဖြစ်နေကြောင်း တွေ့ရှိရသည်။ သို့သော် ဤကဏ္ဍများသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းတည့်မတ်ရန် အရေးပါသည့်အတွက် ဤကဏ္ဍပါ ဥပဒေများကိုလည်း အလေးပေးဆွေးနွေးရန် လိုအပ်ပါသည်။ ဥပဒေကြမ်း၏ အကြောင်းအရာနှင့် အမျိုးအစားအလိုက် ဆွေးနွေးရသည့် အချိန်မှာ ကွာဟချက်များရှိနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုပါက သတ်မှတ်ထားသည့် ဆွေးနွေးရက်ထက် သုံးရက်သာ ကြိုတင် အမည်စာရင်း တင်သွင်းစေခြင်းကို ကြည့်လျှင် အနည်းဆုံး သုံးရက်မှ လေးရက်ခန့်သာ အချိန်ရနိုင်သည့် အနေအထားတွင်ရှိသည်။ ထိုအခြေအနေသည် ဥပဒေကြမ်းများကို ဝင်ရောက် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ ပိုမို ထိရောက်စွာ ပါဝင်နိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နည်းဥပဒေများကို ပိုမိုတိကျစေရန်အတွက် ပြင်ဆင်နိုင်ရန် ကြိုးစားခြင်း၊ ဥပဒေကြမ်း ဆွေးနွေးမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးခြင်း၊ လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်မှုများကို စိစစ်ထိန်းကျောင်းမှုပြုခြင်းစသည့် နည်းလမ်းများဖြင့် မိမိတို့၏ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် အနေအထားတစ်ရပ်ကို ချဲ့ထွင်နိုင်ရေး ကြိုးစားနိုင်ရန် လိုအပ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး ဖြစ်စဉ်တစ်လျောက် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိမရှိကိုလည်း လေ့လာသုံးသပ်နေရန် လိုအပ်ပြီး၊ ထိုမညီညွတ်မှုများသည် လွှတ်တော်ကိုယ်စားလှယ်များ၏ နိုင်ငံသားများကို ကိုယ်စားပြုခွင့်၊ ဥပဒေပြုခွင့် အခွင့်အရေးကို ထိခိုက်စေသည့်အားလျော်စွာ အစဉ်မပြတ် ထိန်းကျောင်းစိစစ်မှု ပြုနေရန် လိုအပ်သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပတ်သက်၍

ဤကဏ္ဍ ၄ ရပ်ပါ ဥပဒေကြမ်းများကို လေ့လာကြည့်ရာတွင် ပြင်ဆင်သည့် ဥပဒေအရေအတွက်မှာ အများဆုံးဖြစ်ခဲ့ကြောင်း တွေ့ရသည်။ ထိုသို့ ပြင်ဆင်ရာတွင် ယခင်အစိုးရများလက်ထက်က ဥပဒေများကို ပြင်ဆင်ခြင်းအပြင် လက်ရှိ လွှတ်တော်သက်တမ်းအတွင်းမှ ဥပဒေများကို ပြင်ဆင်ခြင်းလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ လွှတ်တော်တစ်ရပ်တည်းက ဥပဒေတစ်ခုကို အတည်ပြု ပြဌာန်းပြီးနောက်တွင် အကြိမ်ကြိမ်ပြန်လည် ပြင်ဆင်နေရခြင်းကို ကျော်လွှားနိုင်ရန်အတွက် ဥပဒေပြုစုစဉ်ကပင် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဘက်ပေါင်းစုံမှ ပါဝင်နိုင်မည့် အနေအထားကို ဖန်တီးဖိတ်ခေါ်နိုင်ရန် လိုအပ်ပါသည်။ အခြားကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းများလည်း အများဆုံးဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ရရာ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့ကြောင်း တွေ့ရပါသည်။ လွှတ်တော်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဥပဒေပြုခွင့် ဇယား(၁)ပါ ပြဌာန်းချက်များကို တိတိကျကျ သတ်မှတ်ပြင်ဆင်သင့်ပါသည်။

ဥပဒေပြုရေးဖြစ်စဉ်တွင် ပါဝင်လိုသည့် အဖွဲ့အစည်းများ၊ နိုင်ငံသားများနှင့် ပတ်သက်၍

ဥပဒေပြုရေးဖြစ်စဉ်မှ စတင်၍ နိုင်ငံသားများနှင့် နိုင်ငံသား အခြေပြုအဖွဲ့အစည်းများ ပါဝင်ခြင်းသည် ရေရှည်တွင် ဥပဒေပြုရေးမဏ္ဍိုင် ပိုမိုခိုင်မာပြီး တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေရေးအတွက် အလွန်အရေးပါပါသည်။ ထို့ကြောင့် လွှတ်တော်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံသားများ၏ ပါဝင်မှုကို ပိုမိုချဲ့ထွင်ပေးရန် လိုအပ်သလို ပါဝင်ရန်လိုအပ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံသားများအနေဖြင့်လည်း ဥပဒေပြုမှု၏ မည်သည့်အဆင့်တွင် မည်သည့်နည်းလမ်းများဖြင့် ပါဝင်မှုပြုနိုင်ကြောင်း၊ မည်သည့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးပြုနိုင်ကြောင်း စသည့် ဥပဒေပြုရေးဆိုင်ရာ အချက်အလက်များနှင့် ဥပဒေပြုမှု အဆင့်များကို မျက်ခြေမပြတ် သိရှိနေရန် လိုအပ်ပါသည်။ ဥပဒေပြုသည့် အဆင့်များတွင် ဥပဒေကြမ်း တင်သွင်းပြီးနောက် ကော်မတီအစီရင်ခံစာ ပြုစုနေသည့် ကာလ၊ ကော်မတီ အစီရင်ခံစာ တင်သွင်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနေသည့် ကာလများတွင် ဝင်ရောက်ဆွေးနွေးရန် အကောင်းဆုံးကာလ ဖြစ်သည်။ လွှတ်တော်နှစ်ရပ် ဆွေးနွေးကြရာတွင် စတင်တင်သွင်းသည့် လွှတ်တော်တွင် ဆွေးနွေးသည့် ကာလအတွင်း ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ဥပဒေကြမ်းကို ပိုမိုထိရောက်စွာ လွှမ်းမိုးနိုင်သည့် အနေအထားတွင် ရှိပါသည်။ သို့မှသာ ဥပဒေပြုရေးတွင် ပါဝင်နိုင်သည့် အဆင့်များအလိုက် လူထုအကြား ကျယ်ပြန့်သည့် ဆွေးနွေးမှုများ ဖြစ်ပေါ်စေပြီး၊ အတည်ပြုပြဌာန်းမည့် ဥပဒေများအပေါ် အနှစ်သာရရှိသည့် လွှမ်းမိုးမှုများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ထို့အတူ လွှတ်တော်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ထိုပါဝင်မှုများကို ကြိုဆိုရန်၊ လမ်းဖွင့်ပေးရန် တိုက်တွန်းလိုပါသည်။