လွှတ်တော်ခရီးနီးသလား

လွှတ်တော်ခရီးနီးသလား

လွှတ်တော်ခရီးနီးသလား

ကျယ်၀န်းပြီး ကားရှင်းလှတဲ့ ကားလမ်းမကြီးရဲ့ဘေးမှာ ခမ်းနားလှတဲ့ အဆောက်အဦကြီးတွေကို ဘွားခနဲ ဆိုသလို မြင်ရပါတယ်။ ကြိုးတံတားနှစ်စင်းဟာ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းသစ်ဖြစ်လာတဲ့ လွှတ်တော်ကြီးဆီ၀င်ရာ တံခါးပေါက်များဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ စစ်ဆေးမှု အတည်ပြုမှု ခံယူပြီး ကားလေးကို တံတားဖြတ်ကျော် မောင်း၀င်တဲ့အခါ ၀င်းအထပ်ထပ်ကာရံထားတဲ့ လွှတ်တော်၀န်းထဲကို ရောက်ပါတယ်။ အ၀င်တံခါးတစ်ပေါက်မှာ စောင့်နေတဲ့ ရဲသားငယ်လေးတစ်ဦးရဲ့ အလေးပြုမှုကို ဘုမသိ ဘမသိ ခံယူရပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါဖူးမှ အလေးပြုခံရဖူးပုံမရတဲ့ ကျွန်တော်တို့ ကားဆရာလေး အလေးပြုခံရလို့ ပျော်သလိုလိုကြီး ဖြစ်နေပုံရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်​ဝေပေးမယ့် ကျွန်တော်တို့ အစီရင်ခံစာအမှတ် ၂ ကတော့ ကျွန်တော်တို့ထက် တစ်ရက်စောပြီး လွှတ်တော်ထဲ ရောက်နှင့်နေပါပြီ။ နေပြည်တော်တစ်ရက်စောပြီး ဇူလိုင်၂၁ ရက်နေ့ကတည်းကရောက်နေတဲ့ ကျွန်တော်တို့ အမှုဆောင်အရာရှိက ပို့ပေးထားတာပါ။ စာအုပ်ဖြန့်​ဝေခွင့် ရရှိရေးအတွက် ရုံးလုပ်ငန်းတွေကို ကြိုတင်ဆောင်ရွက်ဖို့ သူက စောရောက်နေခဲ့တာပါ။ စာအုပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေဆီအရောက် ဖြန့်ဝေပေးဖို့ ကော်မတီဆောင် I-13 ကနေ သွားယူရပါတယ်။ ကော်မတီရုံးတွေကို အဆောင်ငါးခုစီ မျက်နှာချင်းဆိုင်ထားတာပဲ။ အဆောက်အဦ ငါးခု အစု လေးစုရှိပါတယ်။ ဒါကြောင့် ကော်မတီအဆောက်အဦ ၂၀ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ကော်မတီအဆောက်အဦနဲ့ လွှတ်တော်ပင်မအဆောက်အဦတွေကြားမှာလည်း ၀င်းတစ်ထပ်ရံထားတာ တွေ့ရပါတယ်။

အစီရင်ခံစာ အမှတ် ၁ ဖြန့်ဝေစဉ်ကတည်းက အကူအညီပေးခဲ့ကြတဲ့ ကော်မတီရုံး ၀န်ထမ်းတွေက သဘောကောင်းစွာပဲ သူတို့ ဘာကူလုပ်ပေးရဦးမလဲလို့ မေးပါတယ်။ ကျွန်တော်တို့ကတော့ နောက်တစ်ခါ စာအုပ်လာ၀ယ်ရင် ရန်ကုန်က မုန့်လက်ဆောင်၀ယ်ခဲ့မယ်ဆိုတဲ့ ကတိပျက်ပါတယ်။ သူတို့ကတော့ ဒါကို ဂရုထားပုံမရပါ။ သဘောရိုးနဲ့ ကူညီကြပါတယ်။ စာအုပ်တစ်ထောင်နီးပါးကို ကားပေါ်ပြန်တင်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်အဆောက်အအုံကြီးတွေဆီ ခရီးဆက်ရပြန်ပါတယ်။

ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကို ရောက်တဲ့အချိန်မှာ လွှတ်တော်အစည်းအဝေးစတင်နေပါပြီ။ စာအုပ်တွေ ဖြန့်ေ၀ဖို့ ရည်ရွယ်ထားတဲ့ လက်မှတ်ထိုးကောင်တာတွေကိုပဲ ကျွန်တော်တို့ တန်းသွားပြီး စာအုပ်တွေကို အရေအတွက်နဲ့တကွ အပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကောင်တာမှာ ၀န်ထမ်းတွေက ကူပြီးရေတွက်ပေးပါတယ်။ ပြည်သူ့လွှတ်တော်မှာ စာအုပ်တွေ ခဏထားခဲ့ပြီး အမျိုးသားလွှတ်တော်ကို ပြေးရပြန်ပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ စာအုပ်တွေ အပ်ပြီးတာနဲ့ အရာရှိတစ်ယောက်က ရရှိကြောင်း လက်မှတ်ထိုးပြီး လက်ခံပါတယ်။ လွှတ်တော်အစည်းအဝေးမှတ်တမ်းစာအုပ်တစ်အုပ်ကိုလည်း အမျိုးသားလွှတ်တော် မှတ်တမ်းဌာနက တိုက်ရိုက်၀ယ်ဖြစ်ပါတယ်။ အစွန်းထွက် ငါးကျပ်အထိ အတိအကျ ငွေပြန်အမ်းနေလို့ အကြွေရှာတွေ့တဲ့အထိ စောင့်ရပါသေးတယ်။ ပြီးတော့ အရောင်းဖြတ်ပိုင်းနဲ့ပါ။

အမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ကို ကျွန်တော်တို့ ပြန်ရောက်တော့ ဖြန့်ဝေခွင့်နဲ့ ပတ်သက်ပြီး အတည်ပြုချက် ရဖို့ စောင့်နေရတာကြောင့် ရရှိကြောင်းကို တာ၀န်ရှိသူက လက်မှတ်ထိုးမပေးနိုင်သေးပဲ ဖြစ်နေပါတယ်။ ခွင့်ယူတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် စာအုပ်လက်ခံပေးဖို့ကိုလည်း အနည်းငယ် ဆိုင်းငံ့ပြီးမှ ဆုံးဖြတ်ချက်ချ လက်ခံရယူပေးခဲ့ပါတယ်။ ၁၅ မိနစ်လောက်အကြာမှာမှ စာအုပ်ရရှိကြောင်း လက်မှတ်ထိုးပေးပါတယ်။ မီဒီယာက ညီအစ်ကိုတွေကလည်း သူတို့ စာအုပ်မရသေးဘူးလို့ ဆိုတာကြောင့် သူတို့အတွက် ငါးအုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့က လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာတွေကို ရန်ကုန်မှာပဲ စာနယ်ဇင်းမိတ်ဆက်ပွဲလုပ်ပြီး မီဒီယာတွေကို ဖြန့်ေ၀တာဆိုတော့ နေပြည်တော်က လွှတ်တော်မှာ တကယ်လွှတ်တော်သတင်းလိုက်နေ ရေးနေတဲ့ မီဒီယာသမားတွေဆီကို ရောက်ပုံမရပါဘူး။ ဒီအစီရင်ခံစာတွေ သူတို့ဆီမှာ ရှိနေရင် သူတို့အတွက် တစ်နည်းနည်းနဲ့တော့ အသုံးတည့်မှာပါ။

ကျွန်တော်တို့ရဲ့ လွှတ်တော်တွင်း စာအုပ်ဖြန့်ဝေရေးလုပ်ငန်းတွေ ပြီးတော့ လွှတ်တော်ရုံး တာ၀န်ရှိတဲ့သူတွေနဲ့ သီးခြားစီတွေ့ဖြစ်ပါတယ်။ တစ်ယောက်တစ်ဆင့် တစ်ရုံးတစ်ဆင့် လမ်းညွှန်ကြရင်းနဲ့ တွေ့ဖြစ်သွားတာပါ။ စီမံပိုင်းအဆိုင်ရာ တာ၀န်ရှိသူ၊ မှတ်တမ်းဌာန တာ၀န်ရှိသူ၊ သုတေသနဌာန တာ၀န်ရှိသူ၊ ပြန်ကြားရေးတာ၀န်ရှိသူ တွေနဲ့ပါ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို လွှတ်တော်ရုံး ၀န်ထမ်းတွေ ပိုပြီး စိတ်၀င်စားလာကြတာ တွေ့ရပါတယ်။

မှတ်တမ်းဌာန တာ၀န်ရှိသူနဲ့တွေ့တော့ အစည်းအဝေးမှတ်တမ်းစာအုပ်တွေ စာပေဗိမာန်ကနေတစ်ဆင့် ရောင်းချတာနဲ့ ပတ်သက်ပြီး ပြောဖြစ်ပါတယ်။ အလုပ်မဖြစ်ဘူးဆိုတာတော့ သူလည်း သိပုံပါပဲ။ သူ့စားပွဲပေါ်မှာ လွန်ခဲ့တဲ့တစ်ရက်က လွှတ်တော်အစည်းအဝေးမှတ်တမ်းအကြမ်းကို အသံဖိုင်ကနေ စာဖိုင်ပြောင်းပြီးသား တွေ့ရပါတယ်။ အရင်တုန်းကတော့ အစည်းအဝေးမှတ်တမ်းစာအုပ်တစ်အုပ် ထွက်ဖို့ တစ်နှစ်နီးပါး ကြာခဲ့ဖူးတဲ့ လွှတ်တော်ရဲ့ လုပ်ငန်းတွေ ပိုပြီး မြန်လာနေပြီလို့ ထင်ရပါတယ်။ အဲ့ဒိမှတ်တမ်းထဲက စာတွေသာ မဲဆန္ဒရှင်တွေဆီ တစ်နေ့ချင်း ပို့ပေးနိုင်ရင်တော့ ပိုကောင်းမှာလို့ ကျွန်တော်တို့ နေ့ခင်းကြောင်တောင်ကြီး အိမ်မက်မက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ အဲ့ဒိ နေ့အိမ်မက်ကြီး တကယ်ဖြစ်လာအောင်တော့ ကျွန်တော်တို့ ကြိုးစားနေကြပါပြီ။

ပြန်ကြားရေးဌာနက တာ၀န်ရှိသူက ကျွန်တော်တို့ လွှတ်တော်ကနေ မပြန်ခင် နောက်ဆုံးတွေ့ခဲ့တဲ့သူပါ။ ကျွန်တော်တို့ သူ့ရုံးရောက်တော့ ၀န်ထမ်းတွေတောင် ပြန်ဖို့ပြင်နေပါပြီ။ ကျွန်တော်တို့ရဲ့ mobile app “Myanmar MPs” နဲ့ ၀က်ဘ်ဆိုတ် omimyanmar.org အကြောင်း ပြောဖြစ်ကြပါတယ်။ ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုက်တ်က ပိုပြီးအသက်၀င်လာတယ်လို့ သူကပြောတော့ ကျွန်တော်တို့ကလည်း ထောက်ခံခဲ့ပါသေးတယ်။ ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုတ်က လက်ရှိကျင်းပဆဲ ဒဿမအကြိမ်လွှတ်တော် အစည်းအေ၀းတွေရဲ့ မေးခွန်းတွေကို နေ့ချင်းဖော်ပြလာနိုင်တာ တွေ့ရပါတယ်။ အချက်အလက်တွေ နေ့ချင်းနီးပါးရလို့ အပျော်ဆုံးသူတွေကို ပြပါဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံး နံပါတ်တစ်ဖြစ်မှာ ကျွန်တော်တို့ပဲ ဖြစ်မှာသေချာပါတယ်။ နောက်ဒီထက်ပိုကောင်းတဲ့ ပုံစံ open data format နဲ့ ရရင်တော့ အတိုင်းထက်အလွန်ပေါ့။

 လွှတ်တော်ရုံးတွေ လုပ်ငန်းလည်ပတ်မှု ပိုမိုကောင်းမွန်လာတာ မြင်ရတာ ကျေနပ်စရာပါ။ ပိုကောင်းလာနိုင်တဲ့ အလားအလာရော၊ ပိုကောင်းအောင် လုပ်နို်င်သေးတဲ့ အနေအထားကိုပါ မြင်ရပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်တွေ လက်၀ယ်တော့ ရောက်ပါပြီ။ အခုဆိုရင် လွှတ်တော်လေ့လာစောင့်ကြည့်ရေး hotline တယ်လီဖုန်းကို စောင့်နားထောင်ဖြေကြားပေးဖို့ အဖွဲ့၀င်တစ်ယောက်ကိုပါ တစ်ပြိုင်တည်း တာ၀န်ချထားရပါတယ်။ 

 

(တစ်ရက်ခန့်ကြာသော်)

သုံးရက်အတွက်း လွှတ်တော်ထဲကို ဒုတိယအကြိမ် ပြန်ရောက်ရပါတယ်။ ဒီတစ်ခါတော့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်က ပြုလုပ်ထားတဲ့ Myanmar MPs မိုဘိုင်း app ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ မိတ်ဆက်တင်ပြပေးဖို့နဲ့ အချက်အလက် ရယူအတည်ပြုဖို့ပါ။

မနက်ပိုင်း ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ တွေ့ပြီး app အကြောင်း အနည်းငယ် ရှင်းပြခွင့်ရပါတယ်။ အစည်းအေ ပြီးပြီးချင်းပဲ ကျွန်တော်တို့နဲ့ တွေ့ခဲ့တဲ့ ဥက္ကဌက ဒီလိုလုပ်ငန်းမျိုးတွေကို ကြိုဆိုတယ်ဆိုပြီး အားပေးပါတယ်။ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် focal person ထားဖို့ပြောပါတယ်။

ညနေပိုင်းမှာ အမျိုးသားလွှတ်တော်ဥက္ကနဲ့ တွေ့ပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို omimyanmar.org အကြောင်း၊ Myanmar MPs အကြောင်း ရှင်းပြကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်တက်ရောက်ပါတယ်။ ရှင်းပြပြီးတော့ app ကို လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ ဖုန်းတွေထဲ ထည့်ပေးရပါတယ်။ iOS ဟာ လောလောဆယ်မှာတော့ FAQ ဖြစ်နေပါတယ်။ iPhone ကိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း မေးကြပါတယ်။ နောက်လအနည်းငယ်အကြာ iOS version Myanmar MPs ထွက်လာမယ်လို့တော့ ကျွန်တော်တို့ရဲ့ developers တွေက ဆိုပါတယ်။  ၃ နာရီခွဲအထိ အစည်းအဝေးထိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ နောက်ထပ်တစ်နာရီ ထပ်ထိုင်လိုက်ကြရလို့ ၄ နာရီခွဲကျော်မှ လွှတ်တော်ထဲက ထွက်ကြရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အချို့က မွေးသက္ကရာဇ်ကို လ-ရက်-နှစ်ပုံစံနဲ့ ဖော်ပြတာကို ပြင်သင့်တယ်လို့ အကြံပေးပါတယ်။ ဖုန်းနံပါတ်ပေးဖို့၊ မေးလ်အကောင့်၊ လူမှုကွန်ယက်အကောင့်ပေးဖို့ကိုတော့ လွှတ်တော်ကိုယ်စားလှယ်အတော်များများက လိုလိုလားလားလားရှိကြပါတယ်။

လွှတ်တော်ထဲကနေ ကျွန်တော်တို့ ပြန်တော့ ၅ နာရီထိုးခါနီးပါပြီ။ နေလည်းအတော်ညိုပါပြီ။ နေပြည်တော် နေအပူရှိန်တောင် အတော်ကိုကျနေပါပြီ။ လွှတ်တော်မှာ ၀န်ထမ်းတွေလည်း အနည်းငယ်သာ ရှိပါတော့တယ်။ ကျွန်တော်တို့ကားလေးကို လွှတ်တော်ထဲ ၀င်လာခဲ့တဲ့ တံခါးပေါက်ဆီသာ အမြန်နှင်လိုက်ကြပါတယ်။ ဥက္ကဌခွင့်ပြုချက်မရှိပဲ လွှတ်တော်တွင်း ညအိပ်ဖို့ ခွင့်ပြုမထားတာကြောင့် လွှတ်တော်တွင်း ကျန်ရှိနေဆဲ ကျွန်တော်တို့လို သူတွေလည်း အသျှိုအသျှို ပြန်ဖို့ ပြင်နေကြတာကိုလည်း တွေ့ရပါတယ်။ မနက်ခင်းက တရုန်းရုန်းနဲ့ အထိုက်အလျောက် စည်ကားနေခဲ့တဲ့ လွှတ်တော်ကြီးကတော့ ကုန်းမြင့်ပေါ် မေးတင်ပြီး ညနေခင်းကို ငေးရီရင်းကနေ သူ့ဆီကနေ လှစ်ခနဲ မောင်းထွက်သွားတဲ့ ကျွန်တော်တို့ကားလေးကို လှမ်းကြည့်နေပုံရရဲ့။