အများပြည်သူ သိခွင့်သိလမ်း (၄)

အများပြည်သူ သိခွင့်သိလမ်း (၄)

သတင်းအချက်အလက် ရယူသိရှိခွင့်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုများ မြင့်မား တိုးတက်လာစေရန် မောင်းနှင်ပေးနိုင်စွမ်းရှိသည့် အဓိက ယန္တရားတစ်ခုလည်းဖြစ်သည်။ တရုတ်နိုင်ငံတွင် အစိုးရအရာရှိကြီများ၊ ပါတီထိပ်တန်းခေါင်းဆောင်များ၏ အဂတိလိုက်စားမှုကို ထိန်းချုပ်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက် ရယူသိရှိ ခွင့် ပေးနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံကဲ့သို့ပင် နိုင်ငံအတော်များများတွင်လည်း ဤရည်ရွယ်ချက်မျိုးဖြင့် ဥပဒေပြဋ္ဌာန်း ကျင့်သုံး နေကြခြင်းဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စု၌ ကျင့်သုံးနေသော ဥပဒေမှာပင် ရယူသိရှိခွင့်ကို ကန့်သတ် တားမြစ်ထား သော သတင်းအချက်အလက်များ ရှိပြီး ယင်းတို့ကို ချွင်းချက်များ၊ ကင်းလွတ်ခွင့်များအဖြစ် တရားဝင်အကာအကွယ်ပေးထား ကြောင်း တွေ့ရသည်။ အမျိုးသားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ကိုယ်ရေးကိုယ်တာများ အစရှိသည်တို့ကို ချွင်းချက်များအဖြစ် သတ်မှတ်၍ ယင်းတို့နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို တောင်းခံရယူခွင့်၊ ထုတ်ပြန်ပေါက်ကြားခွင့်များ ပိတ်ပင်ထားတတ်ကြသည်။ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသော ဥပဒေ၌ ချွင်းချက်များ (သို့မဟုတ်) ဥပဒေမှ ကင်းလွတ်ခွင့်များကို ထည့်သွင်းဖော်ပြထားသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာ၊ လုံခြံုရေး၊ မဟာဗျူဟာ၊ သိပ္ပံပညာရပ်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်များနှင့် တရားရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း မရှိသေးသည့် အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်းများ၊ ကူးသန်းရောင်း ဝယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ၊ မှုခင်းဆိုင်ရာ စုံစမ်းထောက်လှမ်းမှုများနှင့် ကိုယ်ရေးကိုယ်တာ အချက် အလက်များ အစရှိသည်တို့ကို ဥပဒေမှ ကင်းလွတ်ခွင့်ပြုထားသည်။ သို့သော် အများပြည်သူ အကျိုးစီးပွား ထိခိုက်နစ်နာမှုများ ပေါ်ပေါက်လာပါက ကင်းလွတ်ခွင့်ပြုထားသော သတင်းအချက်အလက်များကို မဖြစ်မနေ ထုတ်ပြန်ပေးရမည်ဟု ဆိုသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများနှင့် စပ်လျဉ်းလာပါက လုံခြံုရေးနှင့် စုံစမ်းထောက်လှမ်းရေးဌာနများကိုပင် ဥပဒေမှ ကင်းလွတ်ခွင့် မပြုကြောင်းတွေ့ရသည်။

လျှို့ဝှက်ထိန်ချန်ထားသင့်သည်ဟု ယူဆရသော သတင်းအချက်အလက် အကြောင်းအရာများကိုပင် ထုတ်ပြန်ပေးနိုင်လောက် သည့် သတင်းအချက်အလက် အကြောင်းအရာများဖြစ်လာအောင် အကြိမ်ကြိမ် စိစစ်တည်းဖြတ်မှုများ ပြုလုပ်ရန် တာဝန်ရှိသူ များကို ညွှန်ကြားခွင့်ပြုထားကြောင်းနှင့် သတင်းအချက်အလက် ထုတ်ပြန်ပေးရန် ငြင်းဆန်ရသည့်အခါ ဤသို့ငြင်းဆန်ရသည့် အကြောင်းပြချက်ကို တောင်းခံသူအား ပေးရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။

မည်သို့ပင်ဖြစ်စေ သတင်းထုတ်ပြန်မှုကြောင့် ချွင်းချက်များ၊ ကင်းလွတ်ခွင့်များဖြင့် အကာအကွယ်ပေးထားရသည့် အကျိုးစီးပွား များ ထိခိုက်မှုကို ချင့်ချိန်နှိုင်းဆရန် လိုအပ်သည့်နည်းတူ သတင်းထုတ်ပြန်ရန် ငြင်းဆန်မှုကြောင့် ပေါ်ပေါက်လာနိုင်သည့် အများ ပြည်သူအကျိုးစီးပွား ထိခိုက်ဆုံးရှုံးမှုကိုလည်း ထည့်သွင်းတွက်ချက်စဉ်းစားရန် လိုအပ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။