အများပြည်သူ သိခွင့်သိလမ်း (၃)

အများပြည်သူ သိခွင့်သိလမ်း (၃)

သတင်းအချက်အလက် ရယူသိရှိခွင့်ဥပဒေများတွင် မည်သူတို့က မည်သူတို့ထံမှ မည်သည့် သတင်းအချက်အလက်များကို မည်သို့တောင်းဆို ရယူနိုင်သည် ဆိုသည့် ဖွင့်ဆိုသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားလေ့ရှိသည်။ ဥပမာ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် နိုင်ငံသူနိုင်ငံသားများကိုသာလျှင် သတင်းအချက်အလက်ရယူသိရှိခွင့်ရှိပြီး ကော်ပိုရေးရှင်း များ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက သတင်းအချက်အလက် ရယူသိရှိလိုပါက ၎င်းတို့သည် နိုင်ငံသူနိုင်ငံသားများပိုင် ဖြစ်ရမည်ဟု ကန့်သတ်ထားခြင်းမျိုးဖြစ်သည်။ များသောအားဖြင့် နိုင်ငံခြားသားများနှင့် အဖွဲ့အစည်းများအား ဤအခွင့်အရေး မပေးပါ။

အလားတူ ထိုင်း၊ ထိုင်ဝမ်၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံများတွင်လည်း နိုင်ငံသူနိုင်ငံသားတစ်ဦးချင်းကသာလျှင် သတင်း အချက်အလက်တောင်းခံခွင့် ရှိသည်။ သို့သော် နိုင်ငံအချို့၌ နိုင်ငံခြားသားနှင့် အဖွဲ့အစည်းများကို ဤအခွင့်အရေး ပေးထား ကြောင်းတွေ့ရသည်။ ဥပမာ တောင်ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရ နိုင်ငံခြားသားများအပါအဝင် တောင်ကိုရီးယား အခြေစိုက် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်းများသည် သီးခြားပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့် အညီ သတင်းအချက်အလက် ရယူသိရှိခွင့် ရှိကြသည်။ ဂျပန်နှင့် မွန်ဂိုလီးယားနိုင်ငံများတွင်လည်း အလားတူပြဋ္ဌာန်းချက်များ ရှိကြသည်။

အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက်ရယူသိရှိခွင့် ဥပဒေကို ၂၀၀၅ ခုနှစ် ဧပြီလတွင် အိန္ဒိယပါလီမန်က အတည်ပြု ပြဋ္ဌာန်းပေးခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြဋ္ဌာန်းထားသော ဥပဒေများအနက် အိန္ဒိယဥပဒေသည် အတော်အတန်ကောင်းမွန် ပြည့်စုံသည်ဟု သတ်မှတ်ခံရပြီး ဒေသတွင်းနိုင်ငံများအနေဖြင့် စံနမူနာ ပြုအပ်သော ဥပဒေဟုလည်း ညွှန်းဆိုခံရလေ့ရှိသည်။ ထို့ကြောင့် သတင်းအချက်အလက် ရယူသိရှိခွင့် ဥပဒေပါအကြောင်းအရာများကို လေ့လာရာတွင်် အိန္ဒိယဥပဒေကို ကိုးကား လေ့လာရန်လိုအပ်မည်ဟု ယူဆပါသည်။ အိန္ဒိယနိုင်ငံဥပဒေအရ သတင်းအချက်အလက် ရယူသိရှိလိုသူများသည် ရယူလိုသည့် သတင်းအချက်အလက်နှင့်ပတ်သက်၍ အကြောင်းပြချက်ပေးရန် မလိုအပ်ပါ။ ထို့အပြင် သတင်းအချက်အလက်တောင်းခံမှုကို စာဖြင့်ရေးသားပေးပို့ တောင်းခံနိုင်သည့်အပြင် Email ကဲ့သို့သော အီလက်ထရောနစ်နည်းပညာသုံး ဆက်သွယ်သတင်းပေးပို့ မှုဖြင့်လည်း တောင်းခံမှု ပြုလုပ်နိုင်သည်။ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့ယွင်းနေသူများ၊ စာမတတ်မြောက်သူများအပါအဝင် အကြောင်းကြောင်းကြောင့် စာရေးသားရန် အခက်အခဲရှိနေသူများအား တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် ဥပဒေတွင် ဖော်ပြထားကြောင်း တွေ့ရသည်။

အစိုးရဌာနတိုင်း၌ သတင်းနှင့်ပြန်ကြားရေးအရာရှိများ ခန့်အပ်ထားရပြီး သတင်းအချက်အလက်များ ရယူသိရှိလိုသူများသည် မိမိတို့၏ တောင်းခံလွှာများကို အဆိုပါအရာရှိထံ လိပ်မူပေးပို့ရန်ဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေး အရာရှိများသည် သတင်း အချက်အလက်တောင်းခံသူများကို ကူညီရန်နှင့် သတင်းအချက်အလက်ထုတ်ပြန်ပေးရန် တာဝန်ရှိပြီး တောင်းခံလာသည့် သတင်းအချက်အလက်များ မိမိဌာနတွင် မရှိပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ရန်လည်း တာဝန်ရှိသည်။ ဤသို့ လွှဲပြောင်း ပေးပို့မှုကို သက်ဆိုင်ရာတောင်းခံသူအား အသိပေးရန်နှင့် ဤသို့ဆောင်ရွက်မှုများကို (၅) ရက်အတွင်း လုပ်ဆောင်ပေးရန် ဖြစ်သည်။ တောင်းခံမှုများကို အလျင်မြန်ဆုံး ပြန်ကြားပေးရန် ဥပဒေတွင် ညွှန်ကြားထားပြီး (၃၀) ရက်ထက် အချိန်ပိုမယူရန် အတိအလင်းပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရသည်။ လွတ်ငြိမ်းချမ်းသာခွင့်ကဲ့သို့သော အရေးပေါ်ကိစ္စများနှင့် ပတ်သက်သည့် သတင်းအချက်အလက်တောင်းခံမှုများကို (၄၈) နာရီအတွင်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။ တောင်းခံလာသည့် သတင်း အချက်အလက်များကို ထုတ်ပြန်ပေးရန် လိုအပ်သည့် ဝန်ဆောင်ခများ (ဥပမာ - မိတ္တူကူးခ၊ စာပို့ခ) ကို တောင်းခံသူက ကျခံရ သည်။ သို့သော် တောင်းခံသူသည် သတ်မှတ်ထားသော ဆင်းရဲမွဲတေမှု အဆင့်အတန်းအတွင်း ကျရောက်နေပါက ထိုသူ၏ တောင်းခံမှုအတွက် ဝန်ဆောင်ခ ပေးရန်မလိုပါ။ သတင်းအချက်အလက်များ ထုတ်ပြန်ပေးရမှုအား မလိုလားသည့် အရာရှိအချို့ သည် ဝန်ဆောင်ခများ ပိုမိုကောက်ခံလေ့ရှိကြောင်းလည်း တွေ့ရသည်။

ထို့အပြင် သတင်းအချက်အလက်တောင်းခံမှုကို သတင်းနှင့်ပြန်ကြားရေးအရာရှိများသည် ငြင်းပယ်ခြင်း၊ နှောင့်နှေးကြန့်ကြာ အောင်ပြုလုပ်ခြင်း အစရှိသဖြင့် သတင်းအချက်အလက် ရယူသိရှိလိုသူ ကျေနပ်လက်ခံနိုင်ဖွယ် မရှိသည်များ ပေါ်ပေါက်လာပါက တိုင်ကြားရန် (သို့မဟုတ်) အယူခံဝင်ရန် လုပ်ထုံးလုပ်နည်းများကိုလည်း ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားတတ်ကြသည်။ အိန္ဒိယ နိုင်ငံတွင် တိုင်ကြားရန် (သို့မဟုတ်) အယူခံဝင်ရန် အဆင့် (၂) ဆင့်ရှိသည်။ ပထမအဆင့်တွင် မိမိ၏ သတင်းအချက်အလက် တောင်းခံမှုကို ငြင်းပယ်သည့် (သို့မဟုတ်) ဝန်ဆောင်ခ ပိုမိုကောက်ခံသည့် (သို့မဟုတ်) နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်သည့် အရာရှိထက် ပိုမိုအဆင့်မြင့်သော အရာရှိကြီးထံ တင်ပြတိုင်ကြားခြင်းဖြစ်ပြီး ဒုတိယအဆင့်မှာ သတင်းအချက်အလက်ဆိုင်ရာ ပြည်နယ်ကော်မရှင် (သို့မဟုတ်) ဗဟိုကော်မရှင်သို့ အယူခံတင်သွင်းခြင်းဖြစ်သည်။

ဤသို့ဖြင့် အိန္ဒိယနိုင်ငံသည် သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန် သတင်းအချက်အလက် ကော်မရှင်ကို အဆင့်ဆင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ အဆိုပါ ကော်မရှင်များသည် အယူခံတင်သွင်းမှုများကို ကြားနာရန် တာဝန်ရှိပြီး စုံစမ်းစစ်ဆေးခွင့်၊ အရေးယူ အပြစ်ပေးခွင့်များလည်း ရှိသည်။ ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများကို သတင်းပေး ရန်နှင့် အများပြည်သူများကို ဥပဒေ အသုံးချခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန်ပေးခြင်း အစရှိသည့် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ရန်လည်း တာဝန်ရှိသည်။ သို့သော် နိုင်ငံအချို့၌ ဤလုပ်ငန်းများဆောင်ရွက်ရန် သီးခြားကော်မရှင်ဖွဲ့စည်း တာဝန် ပေးထားခြင်းများ မရှိပါ။