အများပြည်သူ သိခွင့်သိလမ်း (၂)

အများပြည်သူ သိခွင့်သိလမ်း (၂)

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ််ချက်တစ်ခုတွင် “သတင်းအချက်အလက် လွတ်လပ်ခွင့်သည် အခြေခံ လူ့အခွင့်အရေး တစ်ခုဖြစ်ပြီး ကုလသမဂ္ဂက လက်ခံသတ်မှတ်ထားသော အခွင့်အရေးအားလုံး၏ အခြေခံအုပ်မြစ်ဖြစ်သည်” ဟု ဖော်ပြခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အထွေထွေညီလာခံကို ပထမဆုံး အကြိမ် ကျင်းပနိုင်ခဲ့သည်။ အဆိုပါညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၅၉) တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့နောက် (၂) နှစ်အကြာ ၁၉၄၈ ခုနှစ် အထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ရန် အတည်ပြု ဆုံးဖြတ်နိုင်ခဲ့သည်။ အပိုဒ်ပေါင်း (၃၀) ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို ထိုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာစာတမ်းထုတ်ပြန်သည့် ဒီဇင်ဘာ (၁၀) ရက်နေ့ကို လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ထိုစဉ်က ကုလသမဂ္ဂအဖွဲ့ဝင် (၅၆) နိုင်ငံ ရှိသည့်အနက် ဆိုဗီယက်ပြည်ထောင်စု (ထိုစဉ်က အသုံးအနှုန်း) အပါအဝင် အဖွဲ့ဝင် (၈) နိုင်ငံက ကြားနေခဲ့ပြီး ကန့်ကွက်သူမရှိဘဲ ကြေညာ စာတမ်းကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ ကြေညာစာတမ်းထုတ်ပြန်ရန် သဘောတူထောက်ခံခဲ့သော အဖွဲ့ဝင် (၄၈) နိုင်ငံ၌ ၁၉၄၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ပါဝင်ခဲ့ကြောင်း တွေ့ရသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) အရ သတင်းအချက်အလက်များ၊ အကြောင်းအရာများကို လွတ်လပ်စွာ ဖြန့်ဝေခွင့်ရှိသည့်နည်းတူ ရယူသိရှိခွင့်လည်း ရှိသည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသည် ပဋိညာဉ်စာချုပ်စာတမ်းမျိုး မဟုတ်သည့်အတွက် စာတမ်းပါ လူ့အခွင့်အရေးပြဋ္ဌာန်းချက် များ အသက်ဝင်လာစေရန်အလို့ငှာ ကုလသမဂ္ဂသည် ၁၉၆၆ ခုနှစ် အထွေထွေညီလာခံ၌ “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” ချုပ်ဆိုရန် ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ တွင် အဆိုပါစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၁၉၇၆ ခုနှစ် မတ်လတွင် အဆိုပါစာချုပ် စတင်အသက်ဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးထားသော နိုင်ငံပေါင်း (၁၆၉) နိုင််ငံ အထိ ရှိလာခဲ့သည်။ အဆိုပါစာချုပ်တွင် မြန်မာနိုင်ငံ အနေဖြင့် ယခုအချိန်အထိ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါ။

နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် အပို်ဒ် (၁၉) တွင်လည်း သတင်းအချက် အလက် ရယူသိရှိခွင့်ကို အခြေခံလူ့အခွင့်အရေးအဖြစ် ဖော်ပြထားပြီး အမျိုးသားလုံခြုံရေးအပါအဝင် အများပြည်သူ အကျိုးစီးပွား၊ အခြားသူတစ်ဦးဦး၏ ဂုဏ်သိက္ခာ အစရှိသည်တို့ကို ကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ထိန်းချုပ်ကန့်သတ်နိုင်ကြောင်း လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်နေသော ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကလည်း သတင်းအချက်အလက် ရယူသိရှိခွင့်ကို အခြေခံလူ့အခွင့်အရေးအဖြစ် လက်ခံသတ်မှတ်ထားကြောင်း တွေ့ရသည်။ ၁၉၆၇ ခုနှစ်တွင် အာဆီယံကို စတင်ဖွဲ့စည်းခဲ့ပြီး ၎င်း၏ (၂၁) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့၌ ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေး သဘောတူညီချက်အရ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် “အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း” ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာ စာတမ်းတွင် အပိုဒ်ပေါင်း (၄၀) ပါဝင်ပြီး အပိုဒ်အမှတ်် (၂၃) ၌ လူတိုင်းတွင် သတင်းအချက်အလက် ရယူသိရှိခွင့်ရှိကြောင်း ဖော်ပြထားသည်။

အလားတူ အမေရိကနိုင်ငံများအဖွဲ့အစည်း၊ ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့ကဲ့သို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများက လည်း သတင်းအချက်အလက် ရယူသိရှိခွင့်ကို အခြေခံလူ့အခွင့်အရေးဖြစ်ကြောင်း ၎င်းတို့၏ ဒေသဆိုင်ရာသဘောတူစာချုပ် များတွင် ထည့်သွင်းသတ်မှတ််ထားကြသည်။

ဤသို့ဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာမှုများ တိုးတက်မြင့်မားလာသည့် ခေတ်သစ်လူ့အဖွဲ့ အစည်းများတွင် လွတ်လပ်စွာ ရေးသားထုတ််ဖော်ပြောဆိုခွင့်၏ အရေးပါမှုနှင့် မောင်းနှင်အားကို နက်ရှိုင်းစွာသိမြင်နားလည်ပြီး တန်ဖိုးထားလာကြသည်နှင့်အမျှ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ပိုမိုအလေးထား အာရုံစိုက်လာကြသည်။ စင်စစ် အားဖြင့် သတင်းအချက်အလက်လွတ်လပ်ခွင့်တွင် သတင်းအချက်အလက်များကို မည်သည့်နည်းဖြင့်မဆို လွတ်လပ်စွာ ဖော်ပြခွင့်၊ ဖြန့်ဝေခွင့်နှင့် သတင်းအချက်အလက်များကို မည်သည့်နည်းဖြင့်မဆို ရယူသိရှိခွင့်ဆိုသည့် အခွင့်အရေး (၂) ရပ် ပါဝင်ပြီး သတင်းအချက်အလက်များကို ရယူသိရှိခွင့်သည် သတင်းမီဒီယာသမားများအတွက်သာမက မည်သူမဆို ရယူကျင့်သုံး နိုင်သည့် အခွင့်အရေးဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာ လုပ်ငန်းခွင်၌ရှိသော ဓါတုပစ္စည်းများနှင့်သက်ဆိုင်သော သတင်းအချက် အလက် အကြောင်းအရာများကို အဆိုပါ လုပ်ငန်းခွင်၌ လုပ်ကိုင်နေရသော အလုပ်သမားများအနေဖြင့် သိရှိလိုက သိရှိခွင့်သည် သတင်းအချက်အလက် ရယူသိရှိခွင့်ဖြစ်သည်။