အများပြည်သူ သိခွင့်သိလမ်း (၁)

အများပြည်သူ သိခွင့်သိလမ်း (၁)

အများပြည်သူ သိခွင့်သိလမ်း (သို့မဟုတ်) သတင်းအချက်အလက်ရယူ သိရှိခွင့်ဆိုသည်မှာ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း များက ဆောင်ရွက်ပြီး၊ ဆောင်ရွက်မည့်၊ ဆောင်ရွက်ဆဲ စီမံကိန်းများ၊ လုပ်ငန်းအစီအစဉ်များ၊ ပစ္စည်းဝယ်ယူမှုနှင့် လုပ်ငန်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူမှုများ၊ ငွေစာရင်းရှင်းတမ်းများ၊ အစည်းအဝေးမှတ်တမ်းများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ကြေညာချက်များ အစရှိသည်တို့ အပါအဝင် သတင်းအချက်အလက်များ၊ မှတ်တမ်းမှတ်ရာများကို အများပြည်သူအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွတ်လပ်စွာ ရယူသိရှိခွင့် ဖြစ်သည်။

အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအဖြစ် အနက်အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ကြရာတွင် ကွဲပြားခြားနားမှုများရှိပြီး အချို့က နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ဘဏ်များ၊ ကုမ္ပဏီများ အစရှိသည်တို့ကိုလည်း ထည့်သွင်းသတ်မှတ််ကြောင်း တွေ့ရသည်။ ထို့အပြင် အစိုးရအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားသူကြီးများ အစရှိသကဲ့သို့ အများပြည်သူ ဆိုင်ရာ လူပုဂ္ဂိုလ်များ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ၊ ရာဇဝတ််မှုမှတ်တမ်းများ၊ ကျန်းမာရေးမှတ်တမ်းများအပါအဝင် ကိုယ်ရေး အချက်အလက်များကိုပါ အများပြည်သူအနေဖြင့် ရယူသိရှိခွင့် လိုအပ်မည်ဖြစ်သည်။

ဤသို့ဖြင့် အဆိုပါအဖွဲ့အစည်းများ၏ တာဝန်ယူတာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများ မြင့်တက်လာမည်ဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးများလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီရှင်သန်ထွန်းကားမှုကိုသော်လည်းကောင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုကို သော်လည်းကောင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရာတွင်လည်းကောင်း ပိုမိုထိရောက် တိုးတက်လာမည်ဟု ယုံကြည်ရသည်။

အဆိုပါရည်မှန်းချက်များဖြင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့သည် သတင်းအချက်အလက် ရယူသိရှိခွင့်ကို ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းခြင်း၊ သီးခြား ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းကျင့်သုံးခြင်းတို့ကို ပြုလုပ်လျက်ရှိကြပြီး အများပြည်သူ သိခွင့်သိလမ်းမြင့်မားရေးလုပ်ငန်းများကို အားသွန်ခွန််စိုက် ဆောင်ရွက်နေကြသည်။

သမိုင်းမှတ်တမ်းများအရ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများရှိ သတင်းအချက်အလက်များကို အများပြည်သူ ရယူသိရှိခွင့်ရှိ သော ဥပဒေတစ်ရပ်ကို အစောဆုံးပြဋ္ဌာန်းကျင့်သုံးခဲ့သည့်နိုင်ငံမှာ ဥရောပတိုက်ရှိ ဆွီဒင်နိုင်ငံဖြစ်သည်။ ဆွီဒင်နိုင်ငံသည် အများပြည်သူအနေဖြင့် သတင်းအချက်အလက် မှတ်တမ်းမှတ်ရာများ ရယူသိရှိခွင့်ကို အာမခံသော မီဒီယာလွတ်လပ်ခွင့်ဥပဒေကို ၁၈ ရာစု အလယ်ခန့် ၁၇၆၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဆွီဒင်ကဲ့သို့ သတင်းအချက်အလက် ရယူသိရှိခွင့် ဥပဒေနှင့် စပ်လျဉ်း၍ ရှည်လျားသော သမိုင်းကြောင်းရှိသည့်နိုင်ငံမှာ တောင်အမေရိကတိုက်ရှိ ကိုလံဘီယာနိုင်ငံဖြစ်သည်။ ၁၉ ရာစု နှောင်းပိုင်း ၁၈၈၈ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံသည် နိုင်ငံရေးအဖွဲ့အစည်းနှင့် မြူနီစီပယ်အဖွဲ့အစည်းများဆိုင်ရာ ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေ၌ အစိုးရအဖွဲ့အစည်းများ (သို့မဟုတ်) အစိုးရမော်ကွန်းတိုက်များတွင် စုဆောင်း ထိန်းသိမ်းထားသော သတင်းအချက်အလက်များနှင့် မှတ်တမ်းမှတ်ရာများကို အများပြည်သူ ရယူကြည့်ရှုခွင့်ပြုကြောင်း ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ််သည်။

သတင်းအချက်အလက်ရယူသိရှိခွင့် ဥပဒေပြုရေးဖြစ်စဉ် ခေတ်သစ်ကို ပထဆုံးစတင်ခဲ့သူမှာ အမေရိကန်ပြည်ထောင်စုဖြစ်သည် ဟု ဆိုနိုင်သည်။ အမေရိကန်ပြည်ထောင်စုသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (၁၉၄၈) ထုတ်ပြန်ရာတွင် လည်းကောင်း၊ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (၁၉၆၆) ချုပ်ဆိုရာတွင် လည်းကောင်း တက်ကြွစွာပါဝင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင် လွတ်လပ်စွာ သတင်းအချက်အလက် ရယူ သိရှိခွင့်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ထို့နောက် နှစ်အနည်းငယ်အကြာတွင် ဒိန်းမတ်၊ နော်ဝေး၊ နယ်သာလန်၊ ပြင်သစ် အစရှိသော ဥရောပနိုင်ငံများနှင့် ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများတွင် သတင်းအချက်အလက် ရယူသိရှိခွင့် ကို အာမခံသော ဥပဒေများ အပြိုင်အဆိုင်ပြဋ္ဌာန်း ကျင့်သုံးလာကြသည်။

၂၀ ရာစု နောက်ဆုံးနှစ်များနှင့် ၂၁ ရာစု ပထမဆုံး ဆယ်စုနှစ်များအတွင်း တောင်အာဖရိကကဲ့သို့သော အာဖရိကတိုက်နိုင်ငံ များနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ထိုင်း အစရှိသော အာရှနိုင်ငံများတွင် အဆိုပါအခွင့်အရေးကို ဥပဒေပြဋ္ဌာန်းကျင့်သုံး လာခဲ့ကြသည်။ ယခုအခါ သတင်းအချက်အလက် ရယူသိရှိခွင့်ကို ဥပဒေအဖြစ် ပြဋ္ဌာန်း ကျင့်သုံးနေသည့်နိုင်ငံပေါင်း (၁၀၀) ကျော်ရှိလာပြီး နောက်ထပ် နိုင်ငံပေါင်း (၄၀) ခန့်ကလည်း မကြာမီအချိန်များအတွင်း ဥပဒေပြဋ္ဌာန်းရန် ကြိုးစားနေကြသည်။

ဤသို့ဖြင့် ကမ္ဘာ့လူဦးရေ၏ (၈၆) ရာခိုင်နှုန်းခန့်သည် သတင်းအချက်အလက် ရယူသိရှိခွင့်ကို ဥပဒေနှင့်အညီ တရားဝင် ရယူ ခံစားလျက်ရှိကြောင်း တွေ့နိုင်သည်။